Monday, February 1, 2010

သူ..............

လူတွေဟာ ကိုယ့်အပေါ် ဂရုတစိုက်ရှိသူကို ဘယ်နေရာရောက် အမှတ်ရတတ်ကြသည်။
ဦးဇော်လဲ လူထဲကလူ ဖြစ်သောကြာင့် မိမိအပေါ် ဂရုတစိုက်ရှိခဲ့ဖူးသူကို အလိုလိုသတိရနေတတ်သည်။
ဦးဇော် သူ့ကိုလွမ်းပါသည်။ မမြင်တာကြာလျင် သံယောဇဉ်တို့ ကုန်ခမ်းတတ်သည်။မတွေ့တာကြာလျင်
စိတ်ကမေ့ချင်သည် လို့ပြောကြရဲ့။ သို့သော် ဦးဇော် သူ့ကို တစ်နေ့မှမေ့မရခဲ့ပါ။ သံယောဇဉ်တို့ပင်
ထပ်တိုး၍ ရစ်ချည်ခဲ့မိသည်ထင်သည်။
လူ့စိတ်သည် ထိန်းချုပ်ရန်ခက်ခဲသည်။ ကုသိုလ်ပဲနဲ၍လား.....သူ့ကိုပဲ တငင်ငင်တွယ်...
သံယောဇဉ်ဆိုတဲ့ အမြင်က မပြတ်....ဆိုသည့် ကဗျာတပိုင်းတစကို စိတ်က ရွတ်မိပြန်ပါသည်။

ဦးဇော် သူ့ကို ရင်ထဲက နှစ်နှစ်ကာကာချစ်နေမိပြီ...ဟုထင်သည်။
နေရာတိုင်း သူ့ရုပ်ပုံတို့က လွမ်းမိုးလွန်းသည်။ သူနှင့် ကင်းသော နေ့ခင်းများမရှိခဲ့သလို
သူမပါသော ညချမ်းတို့ ဦးဇော်ဘ၀မှာ မရှိခဲ့ပါလေ။

သူ့စကားသံတို့သည် အမှတ်ရဘွယ် မကောင်းသော်လည်း...မေ့ပျောက်မရခဲ့ပါ။သူ့အကြည့်
တို့သည် စွဲမက်နှစ်လိုဘွယ် မဟုတ်သည့်တိုင် ဦးဇော် ထိုအကြည့်ကို ထာဝရ မြင်ချင်ခဲ့သည်။
သူ့အပြုံးတို့သည် ငြိမ်းချမ်းမှုကို ဦးတည်သည်။ သူ့အမူအယာတို့သည် နူးညံ့သိမ်မွေ့လွန်းသည်ဟုထင်သည်။ 

သူ့ကို လွမ်းဆွတ် သတိရပါသည်။ သူ့ကို တမ်းတမ်းတတ ရှိလွန်းသည်။
သူသည် ဦးဇော် ဘ၀၏ အိုအေစစ်.....
သူသည် ဦးဇော် ဘ၀၏ နားခိုရာ... 
သူသည် ဦးဇော် ဘ၀၏ လမ်းပြကြယ်ဟုထင်သည်.....